နမူနာယူစေချင် . . . (၂) PDF Print E-mail
Written by မြတ်ထွဋ်ဝင်း   

 

ယခင်တစ်ပတ်မှအဆက်

Mandela

 

Myat Htut Win
 မင်ဒဲလားအစိုးရ အပါအ၀င် တောင်အာဖရိကအစိုးရ အဆက်ဆက်ရုံးထိုင်သော ပရီတိုးရီးယားမြို့ရှိ Union Building ရှေ့တွင်
ကိုမြတ်ထွဋ်ဝင်းအား တွေ့ရစဉ်

 

        ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ တောင်အာဖရိကနိုင်ငံအတွက် လူဖြူ၊ လူမည်း သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ရုံမက အာဖရိကဟာ အများထင်သလို ခေတ်နောက်ကျ ကျန်မနေဘူးဆိုတာကို ပြ သနိုင်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အာဖရိကတိုက်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲကို တစ်ကမ္ဘာလုံးက သံသယတွေနဲ့ စောင့်ကြည့်ခဲ့ကြပေမယ့် ကြီးမားတဲ့ ပြဿနာ ပေါ်ပေါက်ခြင်းမရှိအောင် တောင်အာဖရိ က တာဝန်ရှိသူတွေက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲ မတိုင်မီကတည်းက တောင်အာဖရိကနိုင်ငံဟာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ခန့်ထားခဲ့ပြီး၊ တစ်နိုင်ငံလုံး ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ လုံခြုံမှုကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ရှိလာလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်တွေ့မှာ ဘာမှဖြစ်မလာတဲ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း နိုင်ငံရဲ့ မှုခင်းဖြစ်ပွားမှု အရေအတွက်ဟာလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

        ကမ္ဘာ့ဖလားပြိုင်ပွဲကနေ တောင်အာဖရိကနိုင်ငံ အမြတ်ထွက်ခဲ့တဲ့ အရာတစ်ခုကတော့ SWC လို့ ခေါ်တဲ့ ကမ္ဘာ့ဖလားတရားရုံးတွေ (Special World Cup Courts) ပါပဲ။ တောင်အာဖရိကနိုင်ငံရဲ့ ယခင်တရားစီရင်မှု ပုံစံမျိုး မဟုတ်ဘဲ တိကျမှန်ကန် မြန်ဆန်တဲ့ SWC တွေရဲ့ တရားစီရင်မှုကြောင့် အမှုတွေဟာ လျင်လျင်မြန်မြန် ပြီးဆုံးသွားခဲ့ပြီး တောင်အာဖရိက တာဝန်ရှိသူတွေက ဒါကိုနိုင်ငံအတွင်း ဆက်လက်ကျင့်သုံးသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ မှုခင်းပေါများတဲ့ တောင်အာဖရိကလို နိုင်ငံအတွက် SWC တရားစီရင်မှုနဲ့သင့်တော်တယ်ဆိုတာ သိရှိခဲ့တဲ့ တောင်အာဖရိက အစိုးရ တာဝန်ရှိသူတွေဟာ နိုင်ငံအတွင်း ဒီစနစ်ကို ဆက်လက်ကျင့်သုံးဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ များပြားတဲ့ ဒဏ်ငွေတွေကြောင့် SWC တရားရုံးတွေရဲ့ ပြစ်ဒဏ်ချမှတ်မှုအပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဒီတရားရုံးတွေကြောင့် အမှုအခင်းတွေ လျော့ပါးသွားတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

        တောင်အာဖရိကနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ အလုပ်လက်မဲ့တွေ ဖြစ်ကြပြီး၊ တစ်နေ့ကိုဝင်ငွေ အမေရိကန်ဒေါ်လာ ၁ .၂၅ ဒေါ်လာအောက်သာ ရရှိကြတာကြောင့် အလုပ်လက်မဲ့ လူမည်းအများစုဟာ နိုင်ငံအတွင်း မှုခင်းပေါများမှုကို ဖြစ်ပေါ် စေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တောင်အာဖရိက အစိုးရဟာ အလုပ်လက်မဲ့လူဆင်းရဲတွေကို မျက်ကွယ်ပြုမထားဘဲ သူတို့အတွက် အကျိုးရှိစေမယ့် အရာအတော်များများကို ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံအတွင်း ၀င်ငွေမြောက်မြားစွာ ရရှိနေသူတွေဆီက အခွန်ငွေတွေ ကောက်ခံပြီး၊ မရှိဆင်းရဲသားတွေအတွက် လိုအပ်တဲ့ ဆေးရုံ၊ စာသင်ကျောင်းလို နေရာမျိုးတွေမှာ ပြန်လည်ဖြန့်ဝေ အသုံးပြုလျက် ရှိနေပါတယ်။ တောင်အာဖရိက အစိုးရ ပိုင်ဆေးရုံတွေမှာ ဆေးရုံတက်ကုသမယ်ဆိုရင် လူနာမှတ်ပုံတင်စရိတ် ရန် (၅၀) သာကုန်ကျမှာဖြစ်ပြီး၊ နောက်ပိုင်းကုန်ကျမယ့် ဆေးကုသစရိတ်၊ ဆေးဝါးစရိတ်အားလုံးကို အစိုးရကသာ အကုန်အကျခံမှာ ဖြစ်ပါတယ်။ AIDS အပါအ၀င် ရောဂါစုံပေါများတဲ့ တောင်အာဖရိကနိုင်ငံမှာ အစိုးရဟာ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကို ပြည့်စုံအောင် ဖန်တီးပေးလျက်ရှိပြီး၊ ပြည်ပက ဆရာဝန်တွေ အမြောက်အမြား ခေါ်ယူခဲ့ရာမှာ အာရှဒေသက ဆရာဝန်အတော်များများလည်း တောင်အာဖရိကမှာ ရောက်ရှိ အခြေချနေတာ တွေ့ရပါတယ်။ ပြည်ပကအရည်အချင်းရှိ ဆရာဝန်တွေကို PR (Permanent Resident)  ချက်ချင်းပေး၊ လစာငွေကောင်းကောင်းပေးပြီး ခေါ်ယူခဲ့တာကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများက ဆရာဝန် တွေ တောင်အာဖရိကကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ မြို့ပြမှာ မဟုတ်ဘဲ ကျေးလက်တောရွာမှာရှိတဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် ဆရာဝန်တွေကို လစာငွေပိုမိုတိုးမြှင့်ပေးအပ်ပြီး မက်လုံးပေးကာ တစ်နိုင်ငံလုံးနေရာအနှံ့ ဆရာဝန်တွေ ရောက်ရှိသွားစေဖို့ ကြိုးပမ်းလျက်ရှိနေတာကိုလည်း တွေ့ရပါတယ်။



မိမိဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် ထောင်ကလွတ်လာချိန်မှာတော့ မင်ဒဲလားဟာ အိုမင်းတဲ့ အသက်အရွယ်၊ ရင့်ကျက်တဲ့အတွေးအခေါ်ကြောင့် နိုင်ငံအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ မင်ဒဲလားဟာ သူထောင်ကလွတ်လာချိန်မှာ လူဖြူအစိုးရ သမ္မတ၀ီလျံဒီကလက်နဲ့ အတူလက်တွဲပြီး ...

         ဒါကြောင့် တောင်အာဖရိကမှာ နိုင်ငံခြားသား ဆရာဝန် အတော်များများကိုတွေ့ရပြီး ဒီထဲမှာ မြန်မာနိုင်ငံက ရောက်ရှိအခြေကျနေတဲ့ မြန်မာလူမျိုးဆရာဝန် အတော်များများ ရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ တောင်အာဖရိကရောက် မြန်မာတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆရာဝန်အသိုင်းအ၀ိုင်းက ဖြစ်ကြပြီး အားလုံးဟာ အမေ့အိမ်နဲ့ ဝေးနေသူတွေဖြစ်တာကြောင့် စည်းစည်းလုံးလုံး၊ သိုက်သိုက်ဝန်းဝန်း ရှိကြတာကိုလည်း တွေ့ရပါတယ်။ နှစ်စဉ်သင်္ကြန်ကာလ ရောက်ပြီဆိုရင် ပရီတိုးရီးယားမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ တောင်အာဖရိကရောက် မြန်မာတွေ စုစည်းလေ့ရှိကြပြီး မြန်မာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲလေ့ရှိကြောင်းလည်း သိရပါတယ်။ မြန်မာအများစု နေထိုင်တာကတော့ မြောက်ပိုင်းက ပရီးတိုးရီးယားမြို့ဖြစ်ပြီး၊ တောင်အာဖရိက နိုင်ငံရဲ့ တစ်ခုတည်းသော မြန်မာဘုန်းကြီးကျောင်းကတော့ ပီတာမာရစ်ဘတ်ဆိုတဲ့ မြို့မှာ တည်ရှိပါတယ်။ ပီတာမာရစ်ဘတ်မြို့အပြင် ၁၀ ကီလိုမီတာအကွာမှာ ကျယ်ဝန်းတဲ့ မြေနေရာတစ်ခုကို တောင်အာဖရိကရောက် မြန်မာတွေ စုပေါင်းဝယ်ယူခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ သိမ်တစ်ခုကို ဆောက်လုပ်လှူဒါန်းကာ ချမ်းမြေ့ကျောင်းမှ ဆရာတော်နှစ်ပါးက သီတင်းသုံးလျက်ရှိနေတာ ဖြစ်ပါတယ်။

         မှုခင်းပေါများတယ်ဆိုတဲ့ နာမည်ဆိုး ရှိနေပေမယ့် နိုင်ငံရဲ့တိုးတက်မှုနဲ့ မြို့ပြလူနေမှု အဆင့်အတန်း မြင့်မားမှုကြောင့် နိုင်ငံတကာက လာရောက် အခြေချ နေထိုင်သူတွေ တောင်အာဖရိကမှာ အတော်များများရှိနေတာ တွေ့ရပါတယ်။ ဂျပန်၊ ဗီယက် နမ်၊ အိန္ဒိယ၊ တရုတ်အစရှိတဲ့ အာရှနိုင်ငံတွေသာမက ဗြိတိန်၊ ဟော်လန်၊ ဂျာမနီတို့လို ဥရောပနိုင်ငံတွေက နိုင်ငံခြားသားတွေပါ တောင်အာဖရိကမှာ လာရောက်အခြေချလျက်ရှိပြီး နိုင်ငံအတွင်း လူမျိုးစုံရုံသာမက နိုင်ငံ သားတွေပါ အစုံအလင်ရှိတာ တွေ့ရပါတယ်။

        မြို့ပြယဉ်ကျေးမှုမှာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးကို မပြတ်တမ်းရရှိအောင် တောင်အာဖရိက အစိုးရက စွမ်းဆောင်ထားပြီး မဖြစ်မနေ အနေအထားမျိုးမှာ မီးပျက်မယ်ဆိုရင်လည်း ကြိုတင်ကြေညာပြီးမှ ပျက်ခွင့်ရှိကြောင်း သိရပါတယ်။ နိုင်ငံ အတွင်း ပေါများစွာ ရရှိနေတဲ့ ကျောက်မီးသွေးတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်အောင် ဖန်တီးထားပြီး ပိုလျံနေတဲ့ ကျောက်မီးသွေးတွေကိုလည်း နိုင်ငံထွက်ကုန်အဖြစ် ပြည်ပကို တင်ပို့လျက်ရှိနေပါတယ်။ 

         တောင်အာဖရိကနိုင်ငံဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟုတ်ရင်တောင် မြို့ပြဒေသ တိုးတက်မှုဟာ ပထမကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်နိုင်တဲ့ အနေအထားမှာ ရှိတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အာဖရိက နိုင်ငံကရောက်ရှိလာတဲ့ နိုင်ငံတကာက ပရိသတ်တွေဟာ တောင်အာဖရိကနိုင်ငံရဲ့ တိုးတက်မှုကို အံ့အားသင့်ခဲ့ကြရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး တစ်ခုလုံးရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လို့ ချီးကျူးပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကွင်းတွင်း၊ ကွင်း ပြင် လုံခြုံရေးစနစ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပြီး ပရိသတ်တွေ ခရီးသွားလာရာမှာလည်း အခက်အခဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အရင်က Public Transport ဟာ မြို့ကြီးတွေမှာ သိပ်အလုပ်မဖြစ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလ အတွင်းမှာတော့ ဘောလုံးကွင်းတွေဆီကို ပရိသတ်တွေ အလွယ်တကူ ရောက်ရှိလာနိုင်ဖို့ Shuttle Bus တွေ စီစဉ်ထားတာ၊ Gautrain လို့ခေါ်တဲ့ အမြန်ရထားတွေ စီစဉ်ထားတာတွေက ကျေနပ်အားရစရာပါပဲ။ ဒါပေမယ့် တောင်အာဖရိက လူမျိုးအချို့ ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူတို့ဆီကို ရောက်လာတာ အနည်းငယ် စောသွားကြောင်းနဲ့ နောက်လေးနှစ်ကြာမှသာ ရောက်ရှိလာရင် ဒီထက်ပိုပြီးပြည့်စုံတဲ့ ကမ္ဘာ့ဖလားကို တွေ့မြင်ရမယ်လို့ အားမလိုအားမရပုံစံနဲ့ ပြောပြကြပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ လမ်းတံတားအချို့ဟာ တိုးချဲ့ပြင်ဆင်နေဆဲ အနေအထားမှာသာရှိပြီး၊ Gautain အမြန်ရထားလမ်းအချို့ဟာလည်း တည်ဆောက်ဆဲကာလမှာသာ ရှိတာကြောင့် ဒါတွေအားလုံးသာ ပြီးသွားခဲ့ရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လမ်းပန်းဆက်သွယ်ရေး ပိုမို အဆင်ပြေ ချောမွေ့သွားလိမ့်မယ်လို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံဟာ ၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ကြိုးပမ်းလျက်ရှိနေပြီး၊ အဲဒီအချိန်ဆိုရင်တော့ အားလုံးပြီး ပြည့်စုံတဲ့ ပြိုင်ပွဲတစ်ခုကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။

         တစ်ချိန်က လူဖြူအစိုးရ အုပ်ချုပ်ခဲ့စဉ် လူနည်းစုကောင်းစားခဲ့တဲ့ စနစ်ကနေ အခုဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေအားလုံး အကျိုးခံစားရစေဖို့ မင်ဒဲလားချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း တောင်အာဖရိက အစိုးရက ဆောင်ရွက်လျက် ရှိနေပါ တယ်။ မိမိဘ၀တစ်လျောက်လုံးကို တရားမျှတမှု၊ လွတ်လပ်မှုတွေအတွက် စတေးခဲ့တဲ့ မင်ဒဲလားဟာ သူ အာဏာရချိန်မှာ အသက် (၇၆) နှစ် ရှိပြီဖြစ်ပေမယ့် နိုင်ငံအတွက် ရေရှည်အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးလမ်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပြီး အခုဆိုရင် တောင်အာဖရိက တစ်နိုင်ငံလုံးဟာ ဥယျာဉ်မှူးမင်ဒဲလားရဲ့ အသီးအပွင့်တွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ မိမိဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် ထောင်ကလွတ်လာချိန်မှာတော့ မင်ဒဲလားဟာ အိုမင်းတဲ့ အသက်အရွယ်၊ ရင့်ကျက်တဲ့ အတွေးအခေါ်ကြောင့် နိုင်ငံအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ မင်ဒဲလားဟာ သူထောင်ကလွတ်လာချိန်မှာ လူဖြူအစိုးရ သမ္မတ ၀ီလျံဒီကလက်နဲ့ အတူလက်တွဲပြီး လူဖြူ၊ လူမည်းသွေးစည်းမှုကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် ၁၉၉၃ ခုနှစ်မှာ နှစ်ဦးစလုံး ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။

        ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိနိုင်ဖို့ တောင်အာဖရိကနိုင်ငံ အတွင်းမှာရှိတဲ့ ဘောလုံးတာဝန်ရှိသူတွေ၊ အစိုးရတာဝန်ရှိသူတွေ ဘယ်လိုပဲ ကြိုးပမ်းခဲ့ပေမယ့် တောင်အာဖရိက နိုင်ငံသားအားလုံးရဲ့ စိတ်ထဲမှာတော့ မင်ဒဲလားဆိုတဲ့ ငြိမ်းချမ်းရေး ပြယုဂ်တစ်ခုကြောင့်သာ သူတို့ဒီလို ကျင်းပခွင့်ရရှိခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ တောင်အာဖရိကနိုင်ငံဟာ ရပ်တန့်နေတဲ့ နိုင်ငံတစ်ခု မဟုတ်တဲ့အပြင် ဖြည်းညင်းစွာသွားနေတဲ့ နိုင်ငံတစ်ခုလည်း မဟုတ်တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သူတို့နိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် အသုံးချစရာ ပြိုင်ပွဲတစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီကမ္ဘာ့ဖလားပြိုင်ပွဲကနေ အဓိက ရယူလိုတဲ့ နိုင်ငံ့ဂုဏ်သိက္ခာကိုတော့ သွေးစည်းညီညွတ်မှုတွေနဲ့အတူ တောင်အာဖရိက နိုင်ငံသားတွေ အရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

 

Comments 

 
-3 #9 reddevil18 2010-07-29 20:38
ေ၇ွှပြည်တော် မျှော်တိုင်းဝေး .......
 
 
+6 #8 newsreader 2010-07-28 09:05
Thanks Ko Myat htut win and eleven media group to present this article .
 
 
+10 #7 minzaw741@gmail.com 2010-07-27 17:20
မတူလောက်ပါဘူးထင်ပါတယ် စစ်အုပ်ချုပ်ရေးတူပေမယ့်  အတွေးအခေါ်။ရင့်ကျက်မှူ့ ။စိတ်ပိုင်းဆို င်ရာလိုအပ်ချက်က စကားပြောနေတယ်ထင်ပါတယ်..ကံ ကံ၇ဲ့ အကျိုးကိုသိမြင်ပေမယ့်
မသိဟန်ဆောင်နေတယ်လို့ သုံးသပ်မိပါတယ်.စစ်တပ်ရဲ့ ဗျုဟာကြွယ်ဝမှု ဟာ ကမ္ဘာ ကအောချလောက်ပါတယ်..သို့ပေ့မယ်
နေ၀င့်တော့မယ် အိုခရီးသည် သီချင်းလို အသိပညာဝင်လာပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစိလူဘောင်သစ်ဟာ ငြိမ်းချမ်းစွာရ ရှီလိမ့်မယ်လို့ မျှော်လင့်ရပါတယ်...မည်သို့ ပင်ဆိုစေကာမြှု မန်မာစစ်ဗိုလ်တွေရဲ့  အသိပညာဝင့်တဲ့ နေဟာ
ြုမန်မာနိုင်ငံရဲ့ စစ်မှန်တဲ့အမျိုးသားရေး တိုးတက်တဲ့ နေ့ လိုပဲပြောချင်ပါတယ်
 
 
+18 #6 Tokegyi 2010-07-26 21:22
ဆောင်းပါးဖတ်ပြီး မျက်ရည်တောင် ကျမိပါတယ်ဗျာ

သြော် .... ငါတို့တိုင်းပြည် ...တို့ဘိုးဘွားရဲ့ အမွေ
 
 
+53 #5 freedomfighter 2010-07-26 10:27
"မိမိဘ၀တစ်လျောက် လုံးကို တရားမျှတမှု၊ လွတ်လပ်မှုတွေအတွ က် စတေးခဲ့တဲ့ မင်ဒဲလားဟာ သူ အာဏာရချိန်မှာ အသက် (၇၆) နှစ် ရှိပြီဖြစ်ပေမယ့်  နိုင်ငံအတွက် ရေရှည်အကျိုးရှိ စေမယ့် ငြိမ်းချမ်းရေးလ မ်းစဉ်တွေကို ချမှတ်နိုင်ခြဲ့ ပီး အခုဆိုရင် တောင်အာဖရိက တစ်နိုင်ငံလုံးဟာ ဥယျာဉ်မှူးမင်ဒဲ လားရဲ့ အသီးအပွင့်တွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ မိမိဘ၀ရဲ့ အကောင်းဆုံးအချိ န်တွေကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးခဲ့ရပေမ ယ့် ထောင်ကလွတ်လာချိ န်မှာတော့ မင်ဒဲလားဟာ အိုမင်းတဲ့ အသက်အရွယ်၊ ရင့်ကျက်တဲ့ အတွေးအခေါ်ကြောင့်  နိုင်ငံအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ မင်ဒဲလားဟာ သူထောင်ကလွတ်လာချိ န်မှာ...."

ဆောင်ပါးရှင် ကိုမြတ်ထွဋ်ဝင်း ရေ အကိုရဲ့စေတနာကို ကျွန်တော်စာပေါ်က ဖတ်ရပါတယ်။ ကျေးဇူးတင်ပါတယ် ဗျာ။ ကျွန်တော်တို့နိုင်ငံမှာလဲ ဒေါ်အောင်ဆန်းစြု ကည်၊ ကိုမင်းကိုနိုင် တို့လို ဘ၀တစ်လျောက်လုံး ကို တရားမျှတမှု၊ လွတ်လပ်မှုတွေအတွ က် စတေးနေတဲ့ သူတွေရှိပါတယ်ဗျာ။
သူတို့ရဲ့ အကောင်းဆုံးအချိ န်တွေကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးနေကြရတာ ပါ။ သူတို့တွေ ထောင်ကလွတ်လာချိ န်မှာတော့ မင်ဒဲလားလို ရင့်ကျက်တဲ့ အတွေးအခေါ်တွေနဲ့ အတူ တိုင်းပြည်ကိုပြ န်လည်ထူထောင်နို င်မယ်ဆိုတာ ယုံကြည်တယ်။ သူတို့သာဦးဆောင်ခွင့်ရတဲ့နေ့ရောက်ရင် ကျွန်တော်တို့တွေ မြန်မာပြည်ပြန်လာပြီး ကိုယ်တိုင်းပြည် အတွက် ရေးဆုံးမြေဆုံး အလုပ်အကျွေးပြုမှာပဲ။ သူတို့ကိုအစွမ်း ကုန်ပံ့ပိုးပြီး ကျွန်တော်တို့တိုင်းပြည်ကို ကျွန်တော်တို့ကိုယ်တိုင် လှိုက်လှိုက်လှဲ လှဲ ဂုဏ်ယူနိုင်တဲ့ေ န့ရောက်အောင် ကျွန်တော်တို့လူ ငယ်တွေရဲလက်နဲ့ ဖန်တီးခွင့်ရချင်တယ်။ တောင်အာဖရိကပြည် သူတွေရှုရှိုက်ခွင့်ရနေတဲ့ လတ်ဆတ်သန့်ရှင်း တဲ့ မျော်လင့်ချက်တွေကို ကျွန်တော်တိုလည်း ရချင်တယ်။ မြန်မြန်ရောက်လာ နိုင်ပါစေ။
 
 
+19 #4 negative eye 2010-07-26 08:12
တို့ နိုင်ငံမှာ​တော့  ​ပေဖြစ်ရင်ခံ တူဖြစ်ရင်နှံ ဆိုတဲ့ စိတ်ဓါတ်ကို 
ဖျောက်ဖျက်နိုင် မှ သင်ပုန်း​ချေနို င်မှ ဖြစ်မယ်​ဟေ့
 
 
+19 #3 thanda 2010-07-25 23:22
Your article can touch our hearts. We all longing for that kind of country for many years. Thanks a lot for motivation.
 
 
+22 #2 moechanmyayoo 2010-07-25 13:39
တို့နိုင်ငံလဲတစ်နေ့ကြရင် ဖြစ်မလာနိုင်ဘူး လို့ ဘယ်သူကများပြောနိုင်မှာတဲ့လဲ...။
 
 
+55 #1 specialoneakm 2010-07-25 13:09
တောင်အာဖရိက မှာတိကျမှန်ကန်ြ မန်ဆန်တဲ့ တရားစီရင်မှုပေါ် ပေါက်လာတယ်ဆိုပါ လား အားကျစရာပါပဲ ဆေးကုသစရိတ်တောင်မှတ်ပုံတင်ကြေး သာပေးရပြီး နောက်ပိုင်းဆေးကုသစရိတ်ဆေးဝါးစရိတ်တွေအခမဲံ့ဆို တော့ထိုင်တောင်ရှိခိုးသင့်တဲ့အစိုးရပါပဲ ဒီမှာတော့စရိတ်မျှပေးကျန်းမာရေး ဆိုတယ်အပြင်နဲ့သိပ်မထူးဘူး အားအကျဆူံးကတော့ မီးပျက်မယ်ဆိုရင်တောင်ကြိုတင်အသိပေးပြီးမှ ပျက်တယ်တဲ့ဗျာ ဆောင်းပါးဖတ်ပြီးမချင့်မရဲဖြစ်ြ ပီးဒေါပွမိတယ် မင်ဒဲလားလိုဥယျာ ဉ်မှုးမျိုးအမြန်ပေါ်ပေါက်လာပါစေ လို့ဆူတောင်းနေပါတယ် ဆောင်းပါးဖတ်တဲ့ အခါ ဒီမှာနဲ့ယှဉ်ပြီးမဖတ်ကြနဲ့ စိတ်ဆင်းရဲမှာစိုးလို့ပြောတာပါ နမူနာယူစေချင်ဆိုတဲ့ အတိုင်းလုပ်ပိုင်ခွင့်ရှိသူအားလုံးနမူနာယူစေချင်ပါကြောင်း